
ဘုရားဖြစ်ကြောင်းသက်သေ နှင့် ဘုရားထံနာခံခြင်း
နာမည်ကျော် ဓါတ်ပုံတပုံပါ။
အင်အားကြီးမားတဲ့ ခွေးဘလူးကြီးများကြားမှာ သတ္တိရှိစွာ အမြှီးထောင်၊အသေခံ လမ်းလျှောက်ရဲတဲ့ ကြောင်တကောင်ရဲ့ ယုံကြည်မှုကိုဖေါ်ပြတဲ့ပုံပါ။ ကြောင်ရဲ့ယုံကြည်မှုအားကြီးခြင်းကို မြင်နိုင်ပါတယ်။
အခြားအဓိပ္ပါယ်တမျိုးကတော့ ခွေးဘီလူးကြီးများရဲ့ အံ့သြဘွယ် နာခံမတတ်မှုကြောင့်ပါ။ သူတို့ရဲ့ သခင့်စကားကို နားထောင်တယ်။ သူတို့အလုပ်က မယောင်ရာဆီလူး .. ကိုယ်လုပ်ချင်တာ လျှောက်လုပ်ဖို့မဟုတ်ဘူး။ ခွေးဆိုမှတော့ ကြောင်ကို လိုက်ကိုက်ချင်တာ သဘာဝဗီဇပေမဲ့ သခင်က မလုပ်နဲ့ပြောထားခြင်းကို နာခံနေကြပါတယ်။ ကျွန်တော်တို့ဟာ သိုးသငယ်လို နာခံတတ်ရန် ဘုရားရှင်ပြောခဲ့ပေမဲ့ လူ့ဗီဇအတိုင်း ခွေးဘီလူးလိုပဲ အင်အားကြီးလိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် နာခံတတ်တဲ့ခွေးဖြစ်လို့ သခင်ကမြှောက်စားပြီး လေလွင့်ခွေး၊ သာမန်ခွေးဘ၀မရောက်ပဲ အင်အားကြီးတဲ့ခွေးဘီလူး Polic Dogs ဘ၀ရရှိပါတယ်။ နာခံတတ်တဲ့ ခွေးများအတွက် ကောင်းကောင်းနေထိုင်စားသောက်ရခြင်း အကျိုးကျေးဇူးကို ရပါတယ်။
ဒါကတော့ လောကမှာအောင်မြင်ခြင်းရဖို့ နာခံခြင်း ဥပမာဖြစ်ပါတယ်။ (လောကအောင်မြင်ခြင်း ဆိုတာ ငွေ၊ဂုဏ်၊ရာထူးအဓိကလား - ၀ိညာဉ်ရေးရာက အဓိကလား ဆိုတာ တွေးကြည့်ကြပါ။) ကျွန်တော်တို့ဟာ တကယ်တော့ ဘုရားရှင်ကို နာခံတတ်သူ သိုးသငယ်များအဖြစ်အသက်ရှင်ရင် လောကမှာ အင်အားကြီး၊ငွေ၊ရာထူး မချမ်းသာတောင်မှ စိတ်ဝိညာဉ်ချမ်းသာတဲ့အပြင် ထာဝရအသက်ဆိုတဲ့ ကောင်းကင်ဘုံကို ရောက်မှာသေချာစိတ်ချမှုကို ရရှိပါတယ်။ သေမှာတောင် မကြောက်တော့တဲ့ ရှင်ပေါလုကဲ့သို့ စိတ်ဝိညာဉ် ငြိမ်သက်ခြင်းကို ရမှာဖြစ်ပါတယ်။
ကမ္ဘာ့မှာ လူပေါင်းများစွာကို အချိန်တိုတိုအတွင်း ပြောင်းလဲသွားအောင် သြဇာကြီးမားလှတဲ့ လူသား ၁၀၀ အကြောင်း ရေးထားတဲ့စာအုပ် The 100: A Ranking of the Most Influential Persons in History မှာ သခင်ယေရှုကိုနံပါတ်၂ အဖြစ်သတ်မှတ်ထားပါတယ်။ သခင်ယေရှုကို သုတေသန စာရေးဆရာ Michael H. Hart ရဲ့ မှတ်ချက်ကတော့ "ယေရှုဟောတဲ့တရားတွေဟာ အလွန်ကောင်းမြက်၊မှန်ကန်လှပေမဲ့ သူပြောတဲ့အတိုင်း ကျင့်နိုင်တဲ့လူသားဆိုလို ဒီလောကမှာ ယေရှု တယောက်ပဲ ပေါ်ထွန်းသေးတယ်" လို့ရေးထားပါတယ်။ ဟုတ်ပါတယ်။ လူသား တယောက်မှ မလုပ်နိုင်တဲ့ အလုပ်၊ မကျင့်နိုင်တဲ့ ကျင့်ဝတ်တွေကို လုပ်ဆောင်၊ကျင့်ကြံပြနိုင်သူဟာ လူသားမဟုတ်ဘူး၊ တမန်တော်လည်း မဟုတ်ပါဘူး၊ ဘုရားစစ်စစ်ပဲဖြစ်ပါတယ်။ ဒါကြောင့် ယေရှုဟာ လူသားအဖြစ် လောကကို ကြွလာတဲ့ ဘုရားစစ်စစ် ဖြစ်ကြောင်း ကျွန်တော်တို့ ယုံကြပါတယ်။ သခင်ယေရှုဟာ လူလို သံဝါသမရှိပဲ သန့်ရှင်းသောဝိညာဉ်မှ သန္ဓေတည်မွေးဖွားခဲ့ခြင်း၊ လူသားများအတွက် လက်ဝါးကပ်တိုင်မှာ အသေခံပြီး ပရောဖက်များနမိတ်အတိုင်း ၃ရက်မြောက်သေနေ့မှာ အံ့သြဖွယ် ရှင်ပြန်ထမြောက်ခဲ့ခြင်းပြီး ရက်၄၀ တပည့်တော်များနဲ့ သွားလာ စားသောက်၊ဒေသနာဟောကြားခြင်း နဲ့ နောက်ဆုံ လူများစွာ မျက်စေ့ရှေ့မှာ ကောင်းကင်ဘုံသို့ တက်ရောက်သွားခြင်း စသည်တို့ဟာ သာမန်လူ၊ ဖုတ်တစ္ဆေ မလုပ်နိုင်တဲ့အလုပ်တွေဆိုတော့ နှစ်ပေါင်း ၂၀၀၀ ကျော်ကြာတဲ့အထိ သခင်ယေရှုဟာ ဘုရားစစ်စစ်ဖြစ်ကြောင်း ခိုင်လုံတဲ့ သမိုင်းသက်သေတွေပါ။
သခင်ယေရှုဟာ ဘုရားဖြစ်တယ်။ ခမည်းတော်၊ သားတော် (သခင်ယေရှု) နဲ့ သန့်ရှင်းသောဝိညာဉ် ၃ပါးပေါင်းပြီ သုံးပါးတဆူ ထာဝရဘုရားကို နာခံကိုးကွယ်ဖို့ပါ။
ကျွန်တော်တို့ ပညတ်တရားတွေကို တအား၊အတင်းလိုက်နာကျင့်နေရင်တာကောင်းပါတယ်။ သို့သော်လည်း ယေရှုနဲ့ တူနိုင်သမျှတူအောင် ကျင့်ကြံဖို့ရာ ကျွန်တော်တို့ ဇွတ်အတင်းလိုက်မကျင့်ပဲ ယုံကြည်မှုနဲ့ ယေရှုဟောကြားခဲ့တဲ့ တရားဒေသနာတွေကို သခင်အဖြစ် နာခံခြင်း နဲ့ လိုက်နာကျင့်ကြံတာက ပိုပြီးထိရောက်ပါတယ်။
ဘာပဲဖြစ်စေ .. ယေရှုတရားတော်များကို နာခံခြင်း Obey အကျိုးကတော့ အခုလက်ရှိဘ၀မှာပဲ ကြွယ်ဝချမ်းသာသော ခန္တာ၊စိတ်ဝိညာဉ် ရမှာဖြစ်တဲ့အပြင် - နောင်ဘ၀မှာလည်း ထာဝရအသက်ကို ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဘုရားစစ်စစ်ဖြစ်တဲ့ ယေရှုနာမတော်များကို နာခံခြင်းနဲ့ ဘ၀ခရီးကိုလျှောက်စေလိုပါတယ်။
ဖတ်ရှုသူတိုင်းကို ဘုရားသခင် ကောင်းကြီးမင်္ဂလာကျရောက်ပါစေ။
ဇော်အောင် (မုံရွာ)
၁၅-ဇွန်လ-၂၀၀၉
