Wednesday, April 7, 2010

“ ဆာ အဲလက်စ် ဖာဂူဆန် ”

“ ဆာ အဲလက်စ် ဖာဂူဆန် ” ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ မန်ယူ လို့ အတိုကောက်ခေါ်ကြတဲ့ မန်ချက်စတာ ယူနိုက်တတ် အသင်းကြီး လူတွေ အားလုံး မျက်လုံးထဲမှာ မြင်ယောင်မိကြပါလိမ့်မယ်။ ဟုတ်ပါတယ် မန်ယူ ဆိုသော အသင်းကြီး လူသိများ အောင်မြင်အောင် ၊ ကမ္ဘာကျော်အောင် ပုံဖော်ပေးခဲ့သူပါပဲ။ မန်ယူအသင်း ၁၉၉၉ ခုနှစ်က ဖလား သုံးလုံးရခဲ့တော့ ဦးဆောင်ညွှန်ကြားခဲ့သူကလည်း သူပါပဲ။
မန်ယူမှာ သူနည်းပြ သက်တမ်းဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ မန်ယူဟာ သူ့အတွက် အိမ်ဖြစ်သလို ၊ မန်ယူဟာ သူရဲ့ ဘဝလို့လည်း ခေါ်နိုင်တယ်။ သူ့ဘဝရဲ့ အချိန်တွေ အားလုံးထဲက အစိတ်အပိုင်းများစွာကို မန်ယူအသင်းထဲမှာ သူမြူပ်နှံထားခဲ့တယ်။ အားလုံးက ဖာဂူဆန်ရဲ့ အရေးအကြီးဆုံး “ ဝါသနာ ” ဟာ ဘောလုံးပဲ ဖြစ်ရမယ်လို့ ထင်ကြေးပေးတဲ့ အခါမှာတော့ ဖာဂူဆန်က ပြုံးပြီး ငြင်းခဲ့ပါတယ်။
ဒီတော့ အားလုံး အံ့သြသင့်သွားကြတယ်။ ဘောလုံးလောကမှာ အချိန်ပြည့်နှစ်ထားသူ တစ်ယောက်က သူ့ အဓိက ဝါသနာဟာ ဘောလုံး မဟုတ်ဘူး ဆိုတော့ နားမလည်နိုင်ကြဘူး။ ဒါကြောင့် ဖာဂူဆန်ကို ဒီအကြောင်း အင်တာဗျူးလုပ်ဖို့ ဖိတ်ကြားတယ်။ ဖာဂူဆန်ကလည်း လက်ခံပြီး ပြောခဲ့ပါတယ်။ အောက်ပါ အတိုင်းပေါ့။
“ ကျွန်တော့်ဘဝရဲ့ ဝါသနာ အပါဆုံး ၊ ဖြစ်ချင်ဆုံး ဆန္ဒက ဘာလဲ ဆိုတာ ကျွန်တော် ငယ်ငယ်က ကိုယ့်ကိုယ်ကိုယ် မေးခဲ့ဖူးတယ်။ ဒီတော့ ကျွန်တော့် စိတ်ဝိဥာဉ်ထဲက ထွက်ပေါ်လာတာက တစ်ခုတည်း ကျွန်တော် အတော်ဆုံး “ စားဖိုမှူး ” ဖြစ်ချင်တာပဲ။ ”
“ ဟင်. . . ”

ဖာဂူဆန်ရဲ့ အဖွင့်စကားနဲ့တင် လူတွေ အားလုံး အာမေဋိတ်တွေ ကိုယ်စီ ထွက်သွားတယ်။ ဖာဂူဆန် အခု ဖြစ်နေတာနဲ့ ဝါသနာက တခြားစီပဲ မဟုတ်လား။ သူက ဆက်ပြောတယ်။
“ ဟုတ်ပါတယ်။ တကယ်ကို ကျွန်တော်ဟာ စာဖိုမှူးကောင်း တစ်ယောက် ဖြစ်ချင်ခဲ့သူပါ။ ဒါပေမဲ့ လောကရဲ့ ထုံးစံ အတိုင်း
“ ဝါသနာ နဲ့ အသက်မွေးဝမ်းကြောင်းမှု ” ကိုတော့ ကျွန်တော် ကွဲပြားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် ဝါသနာပါတဲ့ ချက်တဲ့ ပြုတ်တဲ့ စားဖိုမှူးအလုပ်ကို ကျွန်တော့်အသက်မွေးဝမ်းကြောင်း အလုပ်ဖြစ်တဲ့ ဘောလုံးနည်းပြ ရာထူးမှ အထွေထွေ ကိစ္စများပြီးစီးမှ ကျွန်တော် လုပ်ကိုင်ပါတယ်။ အိမ်မှာပေါ့။
ကျွန်တော် အဓိက ပြောလိုတာကတော့ ကျွန်တော် ဝါသနာ နဲ့ အသက်မွေးဝမ်းကြောင်းမှု ကို ကွဲပြားစွာ နားလည်တယ် ဆိုတာပါပဲ။ ဒါပေမဲ့
“ စားဖိုမှူး နဲ့ ဘောလုံးနည်းပြ ”အလုပ်နှစ်ခုမှာ ဘယ်အရာက ပိုပြီး ဂရုစိုက်ရလဲ လို့ မေးလာခဲ့ရင် ကျွန်တော် ဖြေပါမယ်။ အရာရာမှာ လွဲချော်လို့ မရဘဲ အသေအချာ ဂရုစိုက်ရတာကတော့ “ စားဖိုမှူး ” အလုပ်ပါပဲ။ ”
“ အိုး. . . .။ ”
အာမေဋိတ်တွေ ထပ်၍ ဆင့်ကာ ဆင့်ကာ ညံလာပါတော့တယ်။ ဟုတ်တယ်လေ။ ကမ္ဘာ တစ်ခုလုံးက အာရုံစိုက်နေတဲ့ နာမည်ကျော် မန်ယူလို အသင်းကို နည်းပြနေတဲ့ “ နည်းပြအလုပ် ” က အာရုံစိုက်ဖို့ မကောင်းပဲ။ စားသုံးသူ ရှိမှသာ ချက်ပြုတ်ပေးရတဲ့ “ စာဖိုမှူး ” အလုပ်က ပိုပြီး ဂရုစိုက်ရတယ် ဆိုတော့ အားလုံးက ပိုပြီး နားမလည်ကြဘူး။
“ ကျွန်တော် ဆက်ရှင်းပြပါ့မယ်။ ကျွန်တော် ဘာလို့ ဒီလိုပြောလဲ ဆိုရင် . . .ကျွန်တော် အခု မန်ယူ အသင်းကို နည်းပြ လုပ်နေပါတယ်။ အခု ပရီးမီးယား လိဂ်မှာ တစ်ရာသီကို ကျွန်တော် ၃၈ ပွဲ နည်းပြရပါတယ်။ နောက်တော့ FA Cup ၊ နောက် ချန်ပီယံလိဂ် ၊ နောက် ဖတ်ခေါ်ပွဲတွေ နဲ့ အထွေထွေပေါ့။ ဒီလို ပွဲစဉ်တိုင်းမှာ ကျွန်တော် နည်းပြရပါတယ်။
ဒီမှာ ကျွန်တော် အဓိက ပရီးမီးယားလိဂ် နဲ့ပဲ ဥပမာ ဆက်ပေးပါ့မယ်။ ပရီးမီးယားလိဂ်မှာ တစ်ရာသီ အတွက် ကျွန်တော် ၃၈ ပွဲ နည်းပြရတယ်။ ဒီ ၃၈ ပွဲမှာ တစ်ပွဲ မဟုတ် တစ်ပွဲတော့ ကျွန်တော် လူအင်အားတောင့်သော ကျွန်တော့်စိတ်ကြိုက် လူများကို မထည့်ပဲ နောက်ထပ် ငယ်မွေးခြံပေါက် ကစားသမားများကို ထည့်ပြီး ပွဲမှာ စမ်းကြည့်ပါတယ်။ ဆိုပါစို့ ဒီလို စမ်းလိုက်တဲ့ ပွဲမှာ ကျွန်တော်တို့ ခွက်ခွက်လန်အောင် ရှုံးသွားတယ်ပေါ့။
ဒါ ကျွန်တော်တို့ ပွဲစဉ် အရေအတွက် ၃၈ ပွဲရဲ့ ပွဲစဉ်တွေထဲက တစ်ပွဲ ရှုံးနိမ့်မှုပါ။ ဒါဟာ နောင်ပွဲစဉ်တွေ အတွက် ပြင်ဆင်တာလည်း ဖြစ်တယ်။ ဒီပွဲစဉ် တစ်ပွဲ ရှုံးနိမ့်သွားတယ် ဆိုပေမဲ့ ကျွန်တော်တို့ နောက်ထပ် ပွဲစဉ် ၃၇ ပွဲမှာ အခြေအနေကောင်းရင် ကျွန်တော်တို့ ပြဿနာ မရှိနိုင်ပါဘူး။ အောင်ပွဲခံနိုင်ပါသေးတယ်။ တစ်ပွဲအမှားကနေ ကျန်တဲ့ ပွဲတွေကို သင်ခန်းစာယူပြီး အောင်မြင်အောင် လုပ်လို့ရပါတယ်။
စာဖိုမှူးမှာတော့ ဒီလို မဟုတ်ပါဘူး။ သူချက်ပြုတ်နေတဲ့ ဟင်းပွဲ ၃၈ ပွဲထဲက တစ်ပွဲ ညံသွားရင် ကျန်တဲ့ ၃၇ ပွဲက လာပြီး အစားထိုးပေးလို့ မရပါဘူး။ ဥပမာ - ငါးခေါင်းဟင်း ဆားများပြီး ငန်သွားတာကို ကြက်ကြော်လေး နဲ့ အစားထိုးပြီး စားပါလို့ ပြောလို့ မရပါဘူး။ ကြက်ကြော် ကောင်းတာက တစ်ပိုင်း ၊ ငါးခေါင်းဟင်း ညံ့သွားတာက တစ်ပိုင်းပါ။ စားဖိုမှူးဆိုတာ သူ့ချက်ပြူတ်တဲ့ ဟင်းပွဲ တစ်ပွဲညံ့သွားတာနဲ့ သူရဲ့ စားဖိုမှူးဘဝ နိဂုံးချုပ်သွားတာပါပဲ။ ဒါကြောင့်မို့ ကျွန်တော်က “ နည်းပြအလုပ် နဲ့ စားဖိုမှူး ” အလုပ်မှာ “ စားဖိုမှူး ” အလုပ်က ပိုပြီး ဂရုစိုက်ရတယ် လို့ ပြောတာပါ။
ဒါနဲ့ အတူ ကျွန်တော် အားလုံးကို မေတ္တာလက်ဆောင် စကားလေး တစ်ခွန်း ပြောချင်ပါသေးတယ်။ ”ဖာဂူဆန်က စကားကို ရပ်ပြီး အားလုံးကို ဝေ့ကြည့်လိုက်တယ်။ အခန်းထဲမှာ အသံ မထွက်ကြ ၊ ငြိမ်လို့။
“ ကျွန်တော် ဒီ ဥပမာပေးလေးကို ဆင်ခြင်မိတော့ ဘာပဲ လုပ်လုပ် ကျွန်တော် “ စာဖိုမှူး ” အနေနဲ့ ချက်ပြုတ်နေရတယ် လို့ပဲ ခံစားပြီး လုပ်ကိုင်ပါတယ်။ ကျွန်တော့်တို့ အားလုံးနဲ့ ထိတွေ့နေရတဲ့ ဘဝရဲ့ အပိုင်းအစများကလည်း စားဖိုမှူးက ချက်ပြူတ်နေရတဲ့ ဟင်းလျာတွေ ဆိုပါတော့ ၊ ကျွန်တော်တို့ ဟင်းခွက် တစ်ခွက် မှားလို့ မရဘူး။ တစ်ခွက်မှားလိုက်တာနဲ့ ကျွန်တော်တို့ ဘဝမှာ ပြန်ပြီး အစားထိုးလို့ မရတော့တဲ့ အချိန် နဲ့ ဘဝတွေ နစ်နာကြရတယ်။
ကျွန်တော့်ရဲ့ အခု ဘောလုံးနည်းပြ အလုပ်ကလည်း ကျွန်တော် စားဖိုးမှူး လုပ်ပြီး ချက်ပြုတ်နေတဲ့ စားသောက်ဖွယ် ဟင်းလျာထဲက တစ်ခွက်ပါပဲ။ ဒါကြောင့် ကျွန်တော် ဘောလုံးနည်းပြ အလုပ်ကိုလည်း အထူးကို အာရုံစူးစိုက်ခဲ့ပါတယ်။
အခု ပရိသတ်များကိုလည်း ကျွန်တော် စကားလက်ဆောင်ပါးလိုက်ချင်တာက ကိုယ့်ကိုယ်ကိုယ် စားဖိုမှူးလို့ သဘောထားပါ။ ပြီးတော့ ကိုယ်နဲ့ ထိတွေ့ လုပ်ဆောင်နေရတဲ့ ကိစ္စတိုင်းကို ကိုယ်ချက်ပြုတ်မဲ့ ဟင်းလျာတစ်ခွက်လို့ သဘောထားပြီး ဂရုစိုက် လုပ်ဆောင်ခဲ့မယ် ဆိုရင် ကျွန်တော် ပြောရဲပါတယ်။ နေရာတကာမှာ အောင်မြင်ပါလိမ့်မယ်။ ”
ဖာဂူဆန် စကားပြီးတော့ ခန်းလုံးပြည့် မတ်တပ်ရပ်ပြီး လက်ခုပ်သြဘာပေးကြတယ်။

*** အခု စာဖတ်သူကရော ဟင်းလျာတိုင်းကို ဂရုစိုက်နေတဲ့ စာဖိုမှူး တစ်ယောက် မဖြစ်နိုင်ဘူးလား။ ***
source; စက်ရုံကို ဂျပန်ကနေ ပို့လိုက်တဲ့ ပစ္စည်းထုတ်တဲ့ သေတ္တာထဲမှာ ပစ္စည်းမပွန်းအောင် အောက်ကခံထားတဲ့ ဂျာနယ်လေးထဲကပါ။ The Voice Of England လို့တော့ ရေးထားတယ်။ ခုနှစ် ၊ လတော့ မပါပါ။

ကိုဇော် ခံစားပုံဖော်သည်။

Thursday, March 4, 2010

မူကြိုတက်တဲ့အရွယ်မှာ မိခင်က သားသမီးတွေကို ရင်ခွင်ထဲဆွဲသွင်းပြီး "အဲဒီနေရာမှာ သူငယ်ချင်းတွေ၊ ကစားစရာတွေ အများကြီးရှိတယ်။ မငိုနဲ့နော်.. မေမေစောစော လာကြိုမယ်" လို့ပြောတတ်တယ်။

မူလတန်းတက်တဲ့အရွယ်မှာ မိခင်က သားသမီးတွေရဲ့ ခေါင်းကိုပွတ်သပ်ပြီး "ကျောင်းကြီးတက်ရပြီနော်၊ စာတွေသေသေချာချာ လိုက်မှတ်နော်၊ ဆရာ ဆရာမတွေရဲ့စကားကို နားထောင်နော်၊ တစ်ခြားကျောင်းသားတွေနဲ့ ရန်ဖြစ်နဲ့နော်" လို့မှာတတ်တယ်။

အလယ်တန်း၊ အထက်တန်းတက်တဲ့အရွယ်မှာ မိခင်က "ဘောလုံးပဲ ကန်မနေနဲ့နော်၊ ညဥ့်နက်အောင်မနေနဲ့နော်၊ ကျန်းမာရေးဂရုစိုက်နော်" လို့ မှာတတ်တယ်။

တက္ကသိုလ်တက်တဲ့အရွယ်မှာ မိခင်က "ကိုယ့်ကိုယ်ဂရုစိုက်နော်၊ လိုအပ်တာရှိရင် အိမ်ကိုဖုန်းဆက်၊ စာရေးနော်" လို့ မျက်ရည်စက်လက်နဲ့ မှာတတ်တယ်။

ကျောင်းပြီးလို့ အလုပ်ခွင်ဝင်တော့မဲ့ သားသမီးကို မိခင်က သူတို့ရဲ့ နောက်ကျောပုံရိပ်ကိုကြည့်ပြီး "မိဘဘေးက ခွါပြီဆိုတော့ ကိုယ့်အကျင့်၊ ကိုယ့်စရိုက်ကိုထိန်းနော်၊ လူတွေနဲ့ တည့်အောင်ပေါင်း၊ အလုပ်ကြိုးစားနော်" လို့ မခွဲမခွါရက် ပြောတတ်တယ်။

သားသမီးတွေရဲ့ ကြီးပြင်းရာလမ်းတစ်လျှောက်မှာ မိခင်က သားသမီးတွေရဲ့အပြုအမှု၊ အနေအထိုင်ကို သတိပေးလှုပ်ဆော်နေတတ်တယ်။ ဒါဟာ ရင်ထဲကအလိုလိုဖြစ်လာတဲ့ မိခင်ရဲ့ဝတ္တရားနဲ့ မေတ္တာပဲဖြစ်တယ်။

ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့မိခင်တစ်ဦးက ဒီလိုမလုပ်ခဲ့ဘူး။ အဲဒီမိခင်ဟာ ကလေးငယ် သိတတ်စအရွယ်တည်းက ဒီလိုမှာခဲ့တယ်။

"သား... ကြံ့ခိုင်ရမယ်နော်။ ကိုယ့်ရဲ့အားနည်းချက်ကို သိနိုင်လောက်တဲ့အထိ သားကြံ့ခိုင်ရမယ်"

"သား.... ရဲရင့်ရမယ်နော်။ ကြောက်ရွံ့ထိတ်လန့်တာတွေကို ရင်ဆိုင်နိုင်လောက်တဲ့အထိ သားရဲရင့်ရမယ်"

"သား.... မားမားမတ်မတ် ရပ်တည်နိုင်ရမယ်နော်။ စိတ်ပျက်အားငယ်မှုတွေနဲ့ ကြုံတဲ့အချိန် ဒူးမထောက်မိဖို့၊ မတွန့်ဆုတ်မိဖို့ ရပ်တည်ရမယ်"

"သား.... အောင်မြင်ချိန်မှာ စိတ်ကြီးမဝင်၊ မဝင့်ကြွားဘဲ လက်ခုပ်သံတွေကို မှန်မှန်ကန်ကန် ခံယူတတ်ပါစေနော်"

အဲဒီမိခင်က သားကို "တကယ့်မြင့်မြတ်သူက ဖြောင့်မှန်ရိုးသားတယ်၊ တကယ့်ဥာဏ်ပညာရှိသူက အရာရာကို နားလည်လက်ခံပေးနိုင်တယ်။ တကယ့် သန်မာကြံ့ခိုင်သူက ယဉ်ကျေးသိမ့်မွေတယ်" လို့မှာခဲ့တယ်။

အဲဒီအပြင် မိခင်ကသားနဲ့အတူ ဘုရားသခင်ထံ
"ဘုရားသခင် .... သားကို လုံလောက်တဲ့ဟာသဥာဏ် ဖြည့်ဆည်းပေးပါ။ ဂုဏ်ရာထူးတွေနဲ့ တည်ကြည်ခံ့ညားသူဖြစ်စေပြီး မဝင့်ကြွားတတ်ပါစေနဲ့။ အနာဂတ်ကို ပိုင်ဆိုင်နေချိန်မှာ အတိတ်ကိုလည်း သူမမေ့ပါစေနဲ့" လို့ ဆုတောင်းခဲ့တယ်။

အဲဒီမိခင်က တစ်ခြားသူမဟုတ်ခဲ့ပါဘူး။ သူဟာ အမေရိကန်ရဲ့(၁၆)ကြိမ်မြောက်သမ္မတ (Abraham Lincoln) လင်ကွန်းရဲ့ မိခင်ပဲဖြစ်ပါတယ်။

မူရင်း-- http://www.duwenzhang.com

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


NOT FOR ANGER

တစ်ခါက သစ်ခွပန်းတွေကို အရမ်းနှစ်သက်တဲ့ ဘုန်းကြီးတစ်ပါးရှိတယ်။ ဘုန်းကြီးဟာ ဘုရားတရားအားထုတ်ပြီး ပိုနေတဲ့အချိန်တွေကို ပန်းစိုက်တာနဲ့ပဲ ကုန်လွန်စေခဲ့တယ်။

တစ်နေ့မှာ ဘုန်းကြီးက တစ်ခြားနေရပ်တစ်ခုကို သွားဖို့အကြောင်းပေါ်တယ်။ မသွားခင် ပန်းတွေကိုသေချာစောင့်ရှောက်ဖို့ ကိုရင်တွေကို မှာခဲ့တယ်။ ကိုရင်တွေကလည်း ပန်းကိုသေချာစောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမယ့်တစ်ရက်မှာ ကိုရင်တွေက ပန်းရေလောင်းရင်း သစ်ခွစင်ကို မတော်တဆတိုက်မိခဲ့ကြတယ်။ သစ်ခွစင်ပြိုပြီး သစ်ခွအိုးတွေ ကွဲကြေခဲ့တယ်။ဘုန်းကြီးနှစ်သက်တဲ့ သစ်ခွပန်းတွေ ကျိုးကြေခဲ့ရလို့ ကိုရင်တွေက အရမ်းထိတ်လန့်ခဲ့တယ်။ ဘုန်းကြီးပြန်လာချိန် တောင်းပန်ပြီး အပြစ်ခံယူဖို့ သူတို့ဆုံးဖြတ်လိုက်ကြတယ်။

ဘုန်းကြီးပြန်ရောက်တဲ့အခါ ကိုရင်တွေက အကျိုးအကြောင်းပြောပြတယ်။ ဘုန်းကြီးက စိတ်မဆိုးတဲ့အပြင်"ဘုန်းဘုန်း သစ်ခွပန်းစိုက်တာက ဘုရားကိုလှူဖို့ နောက်ပြီး ဘုန်းကြီးကျောင်းဝန်းကျင် စိမ်းစိမ်းစိုစိုနဲ့ လှပဖို့ဖြစ်တယ်။ စိတ်ဆိုးဖို့ သစ်ခွစိုက်ခဲ့တာမဟုတ်ဘူး" လို့ ဆိုတယ်။ ဘုန်းကြီးပြောတာ အဓိပ္ပါယ်ရှိပါတယ်။ စိတ်ဆိုး၊ ဒေါသထွက်ဖို့ သစ်ခွပန်းစိုက်ခဲ့တာ မဟုတ်ပါဘူး။ ဘုန်းကြီးက သစ်ခွပန်းကြိုက်တယ်ဆိုတာ မှန်ပေမယ့် သူ့စိတ်ထဲမှာ သစ်ခွဆိုတဲ့အစွဲကိုမထားဘူး။ ဒါကြောင့် သစ်ခွရှိတာနဲ့ သစ်ခွဆုံးရှုံးတာက သူစိတ်ကို ပျော်အောင်၊ ဒေါသထွက်အောင် မသက်ရောက်စေနိုင်ခဲ့ဘူး။

နေ့စဉ်လူ့ဘဝမှာ ကျွန်မတို့ရဲ့ လိုအင်တွေကများခဲ့တယ်။ ရယူတာနဲ့ ဆုံးရှုံးတာကို ကျွန်မတို့အရမ်း ဂရုစိုက်ခဲ့ကြတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ခံစားချက်က နိမ့်လိုက်မြင့်လိုက်နဲ့ ကျွန်မတို့ မပျော်ရွှင်ခဲ့ကြဘူး။

"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ တွေ့ဆုံခဲ့ကြတာမဟုတ်ဘူး""
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ အလုပ်လုပ်နေတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ စာသင်နေတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ သူငယ်ချင်း မိတ်ဆွေထားတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ လင်နဲ့မယားအဖြစ် ကျွန်မတို့ ပေါင်းသင်းခဲ့တာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ ကလေးမွေးခဲ့ကြတာမဟုတ်ဘူး"

စိတ်တို၊ ဒေါသထွက်ချိန်မှာ ကျွန်မတို့ဒီလို တွေးတောနိုင်ခဲ့ကြရင် ကျွန်မတို့ရဲ့စိတ်ညစ်စရာ ခံစားချက်တွေကို ကျွန်မတို့ တနည်းနည်းနဲ့ ဖြေသိမ့်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မူရင်း-- http://www.minghui-school.org

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

WINNER & LOSER


(၁) အောင်မြင်သူက ကိုယ့်ကိုယ် အရင်ပြောင်းလဲဖို့သိတယ်။
ကျရှုံးသူက လောကကြီးကိုပဲ ပြောင်းလဲချင်ခဲ့တယ်။

(၂) အောင်မြင်သူက အောင်မြင်ဖို့ နည်းလမ်းရှာတယ်။
ကျရှုံးသူက ကျရှုံးမှုအတွက် ဆင်ခြေရှာတယ်။

(၃) အောင်မြင်သူက အခက်အခဲတစ်ခါကြုံတိုင်း အခွင့်အရေးတစ်ခုကိုတွေ့တယ်။
ကျရှုံးသူက အခွင့်အရေးတိုင်းမှာ အခက်အခဲကို အရင်တွေ့တယ်။

(၄)အောင်မြင်သူက ဒုက္ခအခက်အခဲကြုံချိန် တခြားသူ လက်လျော့နောက်ဆုတ်သွားသည့်တိုင်ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်ကို အရောက်လှမ်းဖို့ ဆုံးဖြတ်ချက်ချနိုင်သူဖြစ်တယ်။

ကျရှုံးသူက ဒုက္ခအခက်အခဲမရှိလည်း ဦးတည်ရာပျောက်နေသူဖြစတယ်။

(၅)အောင်မြင်သူက လောကကြီးမှာ မျှော်လင့်ချက်ကင်းစေတဲ့အရာဆိုတာ မရှိဘဲ မျှော်လင့်ချက်မဲ့တဲ့လူပဲ ရှိတယ်ဆိုတာကို သိသူဖြစ်တယ်။

ကျရှုံးသူက အရာတိုင်းကို မျှော်လင့်ချက်မဲ့နေသူဖြစ်တယ်။

(၆)အောင်မြင်သူက တစ်ပါးသူရဲ့ရှုထောင့်ကနေ ကိစ္စရပ်ကိုကြည့်တယ်။ တစ်ပါးသူရဲ့ ခံစားချက်ကို နားလည်အောင်လုပ်တယ်။

ကျရှုံးသူက ကိုယ်ကျိုးအတွက်ပဲ စိုးရိမ်ပူပန်တတ်သူဖြစ်တယ်။

(၇) အောင်မြင်သူက အကျင့်သီလကို ပထမ၊ ကြွယ်ဝချမ်းသာမှုကို ဒုတိယနေရာထားသူဖြစ်တယ်။

ကျရှုံးသူက ဆန့်ကျင်စွာနဲ့ ကြွယ်ဝချမ်းသာမှုနောက်လိုက်ပြီး အကျင့်သီလကို နောက်ချန်ထားသူဖြစ်တယ်။

(၈)အောင်မြင်သူ အောင်မြင်ရခြင်းက ကိုယ်အောင်မြင်မယ်ဆိုတာကို ယုံကြည်ထားလို့ဖြစ်တယ်။
ကျရှုံးသူ ရှုံးနိမ့်ရခြင်းက ကိုယ်အောင်မြင်မယ်လို့ မယုံကြည်ရဲသူဖြစ်တယ်။

(၉)အောင်မြင်သူက စိတ်ထိခိုက်ဝမ်းနည်းစရာနဲ့ ကြုံတဲ့အခါ ကိုယ့်ကိုသင်ယူစရာ၊ လုပ်စရာတွေနဲ့ သိမ်းကျုံးလုပ်နေတတ်တယ်။

ကျရှုံးသူက စိတ်ထိခိုက်ဝမ်းနည်းစရာနဲ့ ကြုံတဲ့အခါ သက်ပြင်းအခါခါချပြီး အဲဒီခံစားချက်ထဲမှာပဲ ရုန်းမရအောင် နစ်ဝင်နေတတ်တယ်။

(၁ဝ) အောင်မြင်သူက လုပ်စရာရှိတာကို ချက်ချင်းထလုပ်တတ်သူဖြစ်တယ်။
ကျရှုံးသူက လွယ်ကူတဲ့ကိစ္စကိုတောင် အချိန်ဆွဲပြီး လုပ်တတ်သူဖြစ်တယ်။

(၁၁)အောင်မြင်သူက ကိုယ့်ထက်တော်သူ၊ ထက်မြက်သူကို လေးစားအားကျပြီး သူတို့ရဲ့ကောင်းကွက်ကို ကြိုးစားသင်ယူလေ့ရှိတယ်။

ကျရှုံးသူက ကိုယ့်ထက်တော်သူ၊ ထက်မြက်သူကို မနာလိုမုန်းတီးပြီး သူတို့ရဲ့ဆိုးကွက်ကိုပဲ ရှာနေတတ်တယ်။

(၁၂)အောင်မြင်သူရဲ့ စိတ်ထိခိုက်၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေက ပြင်ပလောက,က လာတာဖြစ်တယ်။

ကျရှုံးသူရဲ့ စိတ်ထိခိုက်၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေက သူတို့အတွင်းစိတ်ထဲက လာတာဖြစ်တယ်။

(၁၃) အောင်မြင်သူက အမြင့်ကိုတက်လှမ်းနိုင်ဖို့ အာသီသပြင်းထန်တယ်။
ကျရှုံးသူက ကြံ့ကြံ့ခံနိုင်ဖို့ အာသီသမရှိဘူး။

(၁၄) အောင်မြင်သူအတွက် အဖိုးတန်ဆုံးအရင်းအနှီးက မျှော်လင့်ချက်ဖြစ်တယ်။
ကျရှုံးသူအတွက် အကြီးမားဆုံးမွဲတေမှုက မျှော်လင့်ချက်မဲ့တာပဲဖြစ်တယ်။

(၁၅) အောင်မြင်သူက အခွင့်အရေးကို ဖန်တီးတယ်။
ကျရှုံးသူက အခွင့်အရေးကို စောင့်တယ်။

(၁၆) အောင်မြင်သူက ယုံကြည်မှုတွေကို မပြတ်မွေးမြူတယ်။
ကျရှုံးသူက ယုံကြည်မှုဆိုတာ မွေးရာပါဗီဇလို့ ယုံသူဖြစ်တယ်။

(၁၇)အောင်မြင်သူက ရှည်လျားတဲ့လမ်းတွေကို တစ်လမ်းချင်းနဲ့ အဆုံးထိ လျှောက်နိုင်မယ်ဆိုတာကို ယုံကြည်ထားသူဖြစ်တယ်။

ကျရှုံးသူက တိုတောင်းတဲ့လမ်းဖြစ်လည်း ရှေ့ခြေတစ်လှမ်းမတိုးရင် အဆုံးထိလျှောက်နိုင်မှာ မဟုတ်ဘူးဆိုတာကို မသိသူဖြစ်တယ်။

(၁၈) အောင်မြင်သူက အလုပ်မလုပ်ခင် အရင်တွေးတောကြံစည်တယ်။
ကျရှုံးသူက အလုပ်မလုပ်ခင် တွေဝေပြီး အလုပ်ပြီးချိန် နောင်တရတတ်သူဖြစ်တယ်။

(၁၉) အောင်မြင်သူက ခရီးလမ်းမှာ တစ်ခါတရံရပ်နားပြီး အနားယူလေ့ရှိတယ်။
ကျရှုံးသူက မကြာခဏရပ်နားပြီး တောင်တောင်မြောက်မြောက် ငေးတတ်သူဖြစ်တယ်။

(၂ဝ) အောင်မြင်သူက နေရာတစ်ခုတည်းမှာ နှစ်ကြိမ်လဲမကျဘူး။
ကျရှုံးသူက တစ်နေရာမှာ လဲကျပြီးနောက် ပြန်မထတော့ဘူး။

(၂၁) အောင်မြင်သူက လျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်တတ်တယ်။
ကျရှုံးသူက လျှောက်ခဲ့တဲ့လမ်းကို ပြန်လျှောက်တတ်တယ်။

မူရင်း-- http://www.piyas.com (ဘာသာပြန်တတ်တာတွေပဲ ပြန်ထားပါတယ်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Thursday, October 15, 2009

Wednesday, October 14, 2009